ဆိပ်ဖြူ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ (MSMEs) အသေးစားချေးငွေလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ပဲပွကြော်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၃ နာရီက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံစေရန်၊ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ (MSMEs) အသေးစားချေးငွေဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပဲကြော်လုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးတို့ကို လမ်းညွှန်မှာကြားပေးခဲ့သည်။ ၎င်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ (MSMEs) အသေးစားချေးငွေလုပ်ငန်းမှ ငွေကျပ် (၁၅)သန်းဖြင့် မိရိုးဖလာ ပဲကြော်လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းတိုးချဲ့ခြင်းမှ ဒေသထွက်ကုန်များ တိုးမြှင့်ဝယ်ယူခြင်း၊ ထုတ်ကုန်များ တိုးချဲ့ဖြန့်ဖြူးဆောင်ရွက်နိုင်ကြောင်း၊ ဒေသခံလုပ်သားများစွာကိုလည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အထောက်အကူပြု ဖန်းတီးပေးနိုင်ပြီး ဈေးကွက်လည်း ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်ကြောင်း ပဲပွကြော်လုပ်ငန်းရှင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင် (IPRD)