မကွေး အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် (၂၀) ကြာ ကျင်းပသွားမည်ဖြစ်ရာ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၀) ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၁၄) ရက်၊ (၁၂.၁၀.၂၀၂၄) ရက်နေ့မှ (၃၁.၁၀.၂၀၂၄) ရက်နေ့အထိ (၂၀)ရက် တိုင်တိုင် အစဉ်အလာမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ် ၂၀၂၃ ခုနှစ်တွင် မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၂၄.၁၀.၂၀၂၃) ရက်နေ့မှ (၁၂.၁၁.၂၀၂၃) ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ပြီး၊ ဗုဒ္ဓပူဇနိယဖွင့်ပွဲအခမ်းအနား၊ ဆီမီး(၉၀၀၀)ပူဇော်ပွဲနှင့် မြို့ပေါ်ရှိ ကျောင်းပေါင်း (၉၆) ကျောင်းမှ သံဃာတော်အပါး (၉၆) ပါး၊ သီလရှင်ကျောင်းတိုက် (၂၁) ကျောင်းမှ သီလရှင်အပါး (၂၁) ပါး စုစုပေါင်းအပါး (၁၁၇) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ယခုနှစ် ၂ဝ၂၄ခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ကိုလည်းအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် ကော်မတီအသီးသီးမှလည်း မိမိတို့၏ တာဝန်ကျရာ လုပ်ငန်းတာဝန်များအလိုက် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် လိုအပ်ချက်များရှိပါကလည်း အချိန်နှင့် တပြေးညီတင်ပြခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း ပွဲတော်သို့ လာရောက်လည်ပတ်သော မော်တော်ယာဉ်များ အဝင်/ အထွက်နှင့် မော်တော်ယာဉ်များ စနစ်တကျနေရာချထားရေး အပါအဝင် မော်တော်ယာဉ်များ ပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်စည်းကမ်းစနစ်တကျ ဖြစ်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား အောင်မြင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဗုဒ္ဓပူဇနိယဖွင့်ပွဲအခမ်းအနား၊ ဆီမီး(၉၀၀၀)ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ကော်မတီများအသီးသီးမှ ယခင်နှစ် အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး တက်တက်ကြွကြွဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်သည့် အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပြီး၊ မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လုံခြုံရေးနှင့် မော်တော်ယာဉ်များနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ