ပြည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရတနာမာရ်အောင်တောရကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ပြီး ပြည်ဆန်လှူရှင်အသင်းကြီး၏ဥက္ကဋ္ဌ ဦးသန်းစိုးက သာသနာရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများအား လျှောက်ထားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူတို့က ဩဝါဒါစရိယဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာကြသည့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြည်မြို့နယ်အတွင်းရှိ တောရဘုန်းတော်ကြီးကျောင်း (၃၅၇) ကျောင်းတွင် သီတင်းသုံးနေသော ရဟန်း (၁၀၇၅)ပါး၊ သာမဏေ (၂၀၅)ပါး၊ သီလရှင် (၆၃၁)ပါး၊ စုစုပေါင်း (၁၁၉၁) ပါးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဌာနဆိုင်ရာများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ဆွမ်းဆန်တော် (၁၃၂၈) အိတ်၊ ဆီ (၃၆၂၀) ပိဿာ၊ ပဲနှင့် ဆားအပါအဝင် စုစုပေါင်း လှူဒါန်းမှုတန်ဖိုး (၁၄၁၅၄၂၂၆၃/-)အား ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆက်(ပြန်/ဆက်)