တောင်ငူ၌ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ အောက်တိုဘာ ၉

တောင်ငူမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၃) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးကို “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပဝါရဏာကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ) ဦးညီညီလွင်စိုးက ပဝါရဏာလောင်းလှူရေးကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းများအား လမ်းညွှန်မှာကြားပြီးနောက် ပွဲတော်ကျင်းပရေး နာယကများ၊ ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူအသီးသီးတို့က ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြသည်။

ထို့နောက် ( ၆၃) ကြိမ်မြောက် ပဝါရဏာကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်စိုးမှ ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များအား အတည်ပြုပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ရုပ်သိမ်းခဲ့ကြကြောင်းနှင့် အဆိုပါ (၆၃) ကြိမ်မြောက်သံဃာ့မဟာပဝါရဏာပွဲတော်ကြီးကို ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၇ ရက်နေ့) တွင် ကျင်းပမည်ဖြစ်ပြီး သံဃာတော် (၅၀၀) ပါးခန့်နှင့် သာသနာ့နွယ်ဝင်သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)