ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တောင်သူ ဦးနေအောင်၏ ဗီယက်နမ်မျိုး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုနှင့် ယင်းစိုက်ခင်းမှ တစ်ဧကလျှင်စပါးအစို (၁၆၉ ဒဿမ ၆၂) တင်း ထွက်ရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ရေသွင်းစိုက်ပျိုးသည့် လယ်မြေများအတွက် ရေစီးအားအသုံးပြုသည့် သဘာဝနည်းရေတင်စနစ်ဖြင့် စိုက်ပျိုးရန်နှင့် ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ မှော်ဇာကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွန်းအောင်၏ ဒေသကြက်ကောင်ရေ (၁) သောင်း မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ်ကျွေးမွေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စာရင်းကောက်ကွက်များအလိုက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ရေးစနစ် အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခေတ္တရာပန်းခြံ ဘက်စုံအဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၌ ဒေသခံလူငယ်များ ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားကဏ္ဍပိုမိုစိတ်ဝင်စားလာစေရေး ဖူဆယ်ကွင်းတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖူဆယ်ကွင်းရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်မြို့ ရွှေဝါထွန်းကောက်စိုက်စက် ထုတ်လုပ်ရေးအလုပ်ရုံ၌ လက်ကိုင်းရှည်စက်ဖြင့် ရှစ်တန်းသွား ကောက်စိုက်စက်တွဲဖက်အသုံးပြုနိုင်ရေး တီထွင်ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုဆက်(ပြန်/ဆက်)