မကွေး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSME လုပ်ငန်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအားအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ပေါ်ထွန်းလာစေပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ချဲ့ထွင်နိုင်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်စေရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ထုတ်လုပ်လာနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးတက်မှုရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် သင်တန်းများဖွင့်လှစ်၍ လုပ်ငန်းရှင် (၄၅)ဦးကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ ဝင်ငွေတိုးစီမံကိန်းကို မကွေးတိုင်းဒေသကြီးတွင် ကျေးရွာ (၁၆) ရွာရွေးချယ်၍ စီမံကိန်း (၁၆) ခု ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်းနှင့် ယနေ့အခမ်းအနားသည် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်း (၅)ခုမှ သင်တန်းသား/သူ (၂၅)ဦးကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ပြီး ပေးအပ်ထားသည့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိရှိအသုံးချပြီး မိမိဒေသအတွင်းရှိ ပြည်သူများ ဝင်ငွေတိုးပွားပြီး လူနေမှုအဆင့်အတန်း မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရင်း ကျေးရွာ၊ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)