ပြည် အောက်တိုဘာ ၈
ပြည်မြို့၊ တည်ဆောက်ရေး (၂) အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန် ရိက္ခာဆိုသည်မှာ အာဆီယံ (၁၀) နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုးရီးယားနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်လာပါက အရေးပေါ်အခြေအနေတွင် အရန်ဆန်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကာ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာ ရွာသွန်းခဲ့သဖြင့် ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက် (၂) ခု၊ ကျေးရွာအုပ်စု (၃) စုရှိ အိမ်ထောင်စု (၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း (၂၄၈) အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် ရပ်ကွက် (၂) ခုအတွက် ဆန်အိတ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်တို့က ရေကြီးနစ်မြှုပ်ခဲ့သည့် ကျေးရွာအုပ်စုများအတွက်လည်းကောင်း ဆန်အိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်မှုအပေါ် ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် ဆန်အိမ်များအား လှည်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)