ပွင့်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာ၌ ဒေသခံပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ စံပြကျေးရွာ၌ Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် Smart Village စီမံကိန်းမှ နိုင်ငံတော်ပံ့ပိုးငွေကျပ် (၈) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၅) သန်း၊ စုစုပေါင်း ရန်ပုံငွေကျပ် (၁၃) သန်းဖြင့် ကျေးရွာတွင်း လမ်းအရှည် ၄၃၂ ပေအား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ခြောက်လက်မ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာသူ၊ ကျေးရွာသူများပူးပေါင်းပြီး ယခုနှစ် ဩဂုတ် (၂၆) ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ စံပြကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ်၊ လူဦးရေ ၃၉၂၀ ဦးအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကာ ဒေသထွက် သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်သဖြင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (SMART Village) စီမံကိန်းဖြင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုပစ္စည်းများနှင့် ငွေကြေးထောက်ပံ့ကူညီခြင်း ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး စသည့် ခေတ်မီစံပြကျေးရွာထူထောင်ရေး အဓိကလုပ်ငန်းစဉ် (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)