ဗလငါးတန်နှင့်ပြည့်စုံသော တိုင်းရင်းသား ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူး အောက်တိုဘာ  

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်ရှိ အောင်မြေဇေယျဘုန်းတော်ကြီးကျောင်း၌ အ.လ.က(ခွဲ)မွန်စံပြမှ တိုင်းရင်းသားကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသည့် စကားနှင့်အညီ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်သော လူကြီးများပေါ်ထွန်းလာရေး၊ ငယ်စဥ်အခြေခံကျောင်းသားဘဝကပင် စတင်ရမှာဖြစ်သည့်အတွက် စည်းကမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ ပညာဗဟုသုတနှင့်ပြည့်စုံသော လုံ့လဝီရိယရဲစွမ်းသတ္တိနှင့်ပြည့်စုံသော၊ ကျန်းမာသန်စွမ်းသော တိုင်းရင်းသားကျောင်းသား/သူများဖြစ်စေရန် အမှာစကားပြောကြားခဲ့သည်။     

ထို့နောက် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ IT နည်းပညာနှင်အထွေထွေဗဟုသုတများပြည့်ဝသည့် ကျောင်းသားလူငယ်များဖြစ်ထွန်းပေါ်ပေါက်လာစေရေး အသိပညာပေးဟောပြောပို့ချပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဆရာကြီးဦးခင်အောင်ရီက ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဆေးဝါးအရည်အသွေးပြည့်မီ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးခရိုင်အားကစားမှူးဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခေါင်ညွယ်က တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာလုပ်ငန်းများအားလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။     

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က အသိပညာပေးဟောပြောပေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက မွန်စံပြ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းစာကြည့်တိုက်အတွက် တာဝန်ခံကျောင်းအုပ် ဆရာကြီးထံ အလှူငွေပေးအပ်လှူဒါန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)