ပုသိမ် အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်အခြေပြု နွားမေထုန်မဲ့သားစပ်သင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့်နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းစသည့် တိုင်းကြီး(၅) တိုင်းနှင့် ဒုတိယဦးစားပေးအနေဖြင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်သွားကြမည်ဖြစ်ပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့်ဒုတိယဦးစားပေးစာရင်းတွင်ပါဝင်သော်လည်း တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ နို့စားနွား မျိုးချောင်းဖြင့် သားတင်သားစပ်ခြင်း (၃၅၃၆)ကောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား နွားမေထုန်မဲ့သားစပ်လုပ်ငန်းကို စနစ်တကျဆောင်ရွက်တတ်စေရန် ယခုလို နွားမေထုန်မဲ့သားစပ် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား (၁၁၀)ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ပါကြောင်း၊ မေထုန်မဲ့သားစပ်ကျွမ်းကျင်သင်တန်းသားများအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးလာစေရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်လာနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့ရပ်ရွာကအားကိုးပြုနိုင်သောသူများဖြစ်လာဖို့ ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ယူထားသည့်အတတ်ပညာ များကို မှန်မှန်ကန်ကန်အသုံးပြုပြီး မွေးမြူသူများ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော် အကျိုးစီးပွားတို့ကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း” အမှာစကားပြောကြားပြီး နွားမေထုန်မဲ့ သားစပ်သင်တန်း တက်ရောက်ပြီးမြောက်ခဲ့သူများအား သင်တန်းအမှတ်စဉ်အလိုက် သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီက သင်တန်းဆင်းလက်မှတ်များ လက်ခံရယူခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ခရိုင်အခြေပြု နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကကျေးဇူးတင် စကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြခန်းများခင်းကျင်းပြသထားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)