မြဝတီ အောက်တိုဘာ ၈
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်စာရင်းကောက်ယူလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်တိကျမှန်ကန်မှုရှိစေရေးအတွက် မြဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က ခရိုင်နှင့်မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာမများနှင့်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့၏ ရပ်ကွက်/ကျေးရွာအလိုက်အဖွဲ့များခွဲပြီး တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet အသုံးပြု၍ မေးခွန်းများမေးမြန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မြဝတီမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ၇ ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၇၂ ခု၊ အိမ်ထောင်စု ၁၅၈၇၂ စုမှ လူဦးရေ ၆၁၀၉၁ ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး အလားတူကျန်ရှိသည့် ကောက်ကွက်များအလိုက် အိမ်ထောင်စု၊ လူဦးရေစာရင်းများကို ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)