ကော့သောင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ် U(23) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ Japan Fish အသင်းနှင့် Tawin7 အသင်းတို့မှ ဗိုလ်လုပွဲပြိုင်ပွဲအား အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ (၄-၄)ဖြင့် အနိုင်အရှုံးမပေါ်သဖြင့် Pinata အဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ Tawin7 အသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဆုရပြိုင်ပွဲဝင်အားကစားသမားများနေရာယူ၍ ဦးစွာတာဝန်ရှိသူများက တတိယဆုရ ရွှေဇင်ယော်အသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုများချီးမြှင့်ခဲ့ပြီး ဒုတိယဆုရ Japan Fish အသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးက အကောင်းဆုံးကစားသမားဆုများကို ဆက်လက်ချီးမြှင့်ခဲ့ရာ အကောင်းဆုံးဂိုးဖမ်းသမားဆုကို Japan Fish အသင်းဂိုးဖမ်းသမား ကျော်ဆန်းဦးမှလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုကို Japan Fish အသင်း ကျောနံပါတ် (77)သက်ပိုင်ထွေးမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကို Tawin7 အသင်းကျောနံပါတ် (11) အောင်သန်းထွေးတို့က ရရှိခဲ့ကြပြီး ပထမဆုရရှိသော Tawin7 အသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)