ပွင့်လင်းရာသီအမီ တန်ခိုးကြီးဘုရားများနှင့်အထင်ကရနေရာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မင်းဘူး အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်လင်းရာသီအမီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် စေတီပုထိုးပေါင်း ၁၆၈ ဆူရှိပြီး၊ အရံစေတီ ၂၀၀ ကျော်ရှိကာ လေ့လာလည်ပတ်စရာ သမိုင်းအမွေအနှစ်အဖြစ် ထင်ကျန်နေသည့် နေရာများစွာ ရှိနေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများက ဒုတိယပုဂံဟုတင်စား ခေါ်ဝေါ်ကြသည်အထိ စိတ်ဝင်စားမှု ရှိခဲ့ကြသည်။ ထို့ကြောင့် ပွင့်လင်းရာသီအမီ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်တော့မည်ဖြစ်ရာ  တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို အဆင့်မြှင်တင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

ယခုဆိုလျှင် ရှင်မင်းဘူးဘုရား ပရိဝုဏ်အတွင်းမှ စဓဗဝဘုရားပြုပြင်ခြင်း၊ နဂါးပွက်တောင်အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် စက္ကိန်းတဲဘုရား အတက်လမ်းနှင့် အဆင်းလမ်းများလည်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်တော့မည်ဖြစ်သည်။ မကြာမီလများတွင် ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်၍ မန်းရွှေစက်တော်ဘုရားပွဲတော်ရာသီလည်း နီးလာပြီဖြစ်ရာ ခရီးသွားပြည်သူများ စိတ်ဝင်စားသည့် ရွှေစက်တော်ဘုရား၊ ဆင်စခန်းနှင့် ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်ခြံ၊ ကြယ်လိပ်ခြံများလည်း အဆင့်မြှင်တင်ကာ တိုးချဲ့ပြင်ဆင်ဖွင့်လှစ်ထားပါက စိတ်ဝင်စားမှုကို မြင့်တက်စေကာ ပြည်တွင်းပြည်ပမှ ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)