မကွေး အောက်တိုဘာ ၈
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် မကွေးမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာရှိ အလင်းအိမ်စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကာ တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေဩီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဘိုကျေးရွာအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနေမှုကိုလည်းကောင်း၊ နွားချေးမှ ဇီဝဓါတ်ငွေ့ထုတ်လုပ်ရန် တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ စာကြည့်တိုက်မှူးများအနေဖြင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်သလို ငှားရမ်းသူများအနေဖြင့် စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး စာအုပ်စာစောင်များ ယခုထက် ပိုမိုတိုးပွားစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ပါကြောင်းနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေဖို့အတွက် စာကြည့်တိုက်သို့ သွားရောက်ပြီး စာပေဖတ်ရှုလေ့လာစေခြင်း၊ အသိပညာဗဟုသုတများကို ကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်များအား အောင်ပဒေသာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ကိုက လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အလင်းအိမ်စာကြည့်တိုက် အဆောက်အအုံသစ်အား နိုင်ငံတော်နှင့် ပြည်သူများမှ စာကြည့်တိုက် အဆောက်အဦအတွက် ငွေကျပ်သိန်း (၁၀၀)၊ စာအုပ်၊ စာစောင်များအတွက် ငွေကျပ်သိန်း (၂၀) နှင့် ပရိဘောဂပစ္စည်းများအတွက် ငွေကျပ်သိန်း (၃၀) စုစုပေါင်း ငွေကျပ်သိန်း (၁၅၀)ဖြင့် ဖြည့်ဆည်း တည်ဆောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအနေဖြင့် စာကြည့်တိုက်အဆောက်အအုံသစ် (၂၁) တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်း စာကြည့်တိုက်(၄)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)