လိပ်သို အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေထဲတွင် မှတ်သားစရာများပါသည့်အတွက် စာဖတ်လျှင် အသိအမြင်တိုးပွားမည်ဖြစ်ကြောင်း၊ “အလိမ္မာစာမှာရှိ” ဆိုသော ဆိုရိုးစကားကလည်း စာ၏တန်ဖိုးကိုဖော်ပြနေကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ် စာပေဖတ်ကြစို့” အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)