ပေါင်းတည်မြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးများနှင့် အသင့်စား စားသုံးကုန်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပေါင်းတည် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးအရောင်းဆိုင်များနှင့် အသင့်စားစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းကဦးဆောင်၍ မြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသည့် စားသောက်ကုန်များတွင် ကုန်းညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ၊ မရှိနှင့် ကုန်အညွန်းအမှတ်အသား မပြည့်စုံသော၊ မှတ်ပုံတင်ထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် အလားတူ သတ်မှတ်ချက်နှင့်မပြည့်စုံ မကိုက်ညီသော တိုင်းရင်းဆေးဝါးများကို ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ပြီး စျေးကွက်အတွင်းစားသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများပြတ်လပ်မှု ရှိ၊ မရှိနှင့် ရောင်းချလျက်ရှိသည့် စျေးနှုန်းများကို စစ်ဆေးကာ ဒေသတွင်း စျေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)