ဘားအံ အောက်တိုဘာ ၈
ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ထွန်းလာစေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ၂၀၂၄-၂၅ ပညာသင်နှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအတွက် အခြေခံစံနှုန်း (၄)ရပ်နှင့် အညွှန်းကိန်း (၁၇)ချက်ပါ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဘားအံခရိုင်အတွင်းရှိ အမည်စာရင်းပေးသွင်းထားသော အခြေခံပညာကျောင်း (၁၄) ကျောင်းမှ ကျောင်းအုပ်ကြီးများက သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆရာကိုင်လက်စွဲစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)