ကန့်ဘလူ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက လိတ္ထူကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားလာရေး၊ ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ မိမိရိုးရာ ယဥ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်က မူးယစ်ဆေးဝါးအန္တရာယ်များနှင့် အမျိုးအစားများ၊ သုံးစွဲသူများ၏ စရိုက်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသား လူငယ်များအနေဖြင့် အနာဂတ်လှပဖို့အတွက် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန်တို့ကို လည်းကောင်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စာစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)