မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

မင်းဘူး အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး စီမံကိန်းလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် အစိုးရဆည်တမံ၊ လျှပ်စစ်ရေတင်၊ မြေအောက်ရေ၊ ရေစုပ်စက်၊ ဆည်ငယ်ကန်ငယ်၊ မိုးရေသောက်စနစ်စသည့် ရေရရှိရေးနည်းလမ်း (၆)ခု ဖြင့် စိုက်ဧကပေါင်း ၄၀၉၈၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ အဆိုပါစိုက်ခင်းများအနက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စံပြကွက် စိုက်ခင်း ၁၇ ဧက၊ စမ်းသပ်ကွက်စိုက်ခင်း ၈ ဧကနှင့် မျိုးသန့်ပွားစိုက်ခင်း ၁၀၉ ဧက ပါဝင်ကြောင်း၊ ဒေသခံတောင်သူများသည် စျေးကွက်အရ အရည်အသွေးကောင်း ဧရာမင်းနှင့် သက်လတ်အထွက်ကောင်း စပါးမျိုးများဖြစ်သည့် ဆာဖိုးသာ၊ YSR-1 စပါးမျိုးတို့ကိုလည်း ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများ ပူးပေါင်းပါဝင်သည့် သက်လတ်စပါး (၁၀)မျိုးအား စိုက်ကွင်းလက်တွေ့ သုတေသနစမ်းသပ်စိုက်ပျိုး၍ စပါးပင်ဖြစ်ထွန်းမှုအဆင့်အလိုက် ကွင်းလက်တွေ့ ဆန်းစစ်မှု ဆောင်ရွက်ခြင်းများအပြင် စိုက်ပျိုးရေခက်ခဲသည့် စပါးစိုက်လယ် မြေများတွင်လည်း ရေအနည်းလို-၇ နှင့် ရက်-၉၀ စပါးမျိုးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းပံ့ပိုးမှုအစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစံပြစမ်းသပ်စိုက် အကျိုးဆောင်တောင်သူများအား စိုက်ကွင်းအထောက်အကူပြုအဖြစ် စုစုပေါင်း မျိုးသန့် စပါးမျိုးများ(၁၀၉)တင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ ၁၀ အိတ်၊ ယူရီးယားဓာတ်မြေဩဇာ ၂၂ အိတ်၊ သဘာဝ မြေဩဇာ ၁၂ အိတ်နှင့် ပိုးသတ်ဆေး ၂၀ လီတာတို့ကို ပံ့ပိုးဖြန့်ဖြူးပေးထားပြီး အထွက်နှုန်း တိုးတက်ရရှိ ရေး စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏လုပ်ငန်းကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးသီးနှံပန်းတိုင်/မျိုးပြောင်းလဲ/မျိုးသန့်ပွား စိုက်ပျိုးထားရှိသည့် စံပြအကျိုးဆောင်တောင်သူများအတွက် ယူရီးယားဓါတ်မြေဩဇာအိတ်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၃၂ ဧက စိုက်ပျိုးရန် စီမံကိန်းလျာထားဆောင်ရွက်ခဲ့ပြီး မိုးစပါး ဧကပေါင်း ၄၀၉၈၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် စီမံကိန်းလျာထားချက်ထက် ဧကပေါင်း ၅၆ ဧက ကျော်လွန်စိုက်ပျိုး နိုင်ခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)