ပွင့်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ဒေသခံပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများ စာပေအသိဗဟုသုတများ တိုးပွားစေရေးစာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ၊ သင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို ဂရုတစ်စိုက်လေ့လာသင်ယူ၍ မိမိရပ်ရွာရှိ စာကြည့်တိုက်လုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို အခြေခံစာကြည့်တိုက်ပညာနှင့်ပတ်သက်သော စာအုပ်စာရင်းများ မှတ်ပုံတင်ရေသွင်းနည်း၊ ပညာရပ်ဆိုင်ရာ ခွဲခြားနည်း၊ စာအုပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းနည်းနှင့် စာဖတ်/စာငှားစနစ် ရေးသွင်းပြုစုနည်း စသည့်စာကြည့်တိုက်လုပ်ငန်းများကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာသော စံညီစာကြည့်တိုက်များမှ သင်တန်းသား၊ သင်တန်းသူ (စာကြည့်တိုက်မှူး) ၁၂ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရပြီး သင်တန်းအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )