ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ  အောက်တိုဘာ  ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးမီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့်ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ရောင်းချမှု ရှိ/မရှိ၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် မီးဘေးကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်နိုင်ရေး ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းရေး စနစ် တကျ ဆောင်ရွက်သွားရန်၊ မီးဘေးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် ပျံကျဈေးသည်များ သတ်မှတ်နေရာများတွင် စနစ်တကျ ဈေးရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုကို ဈေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဈေးလုံခြုံရေးနှင့် မီးဘေးလုံခြုံရေးအတွက် နေ့ညမပျက် ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးသူဈေးသားများ စနစ် တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ကာ ဈေးဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သား/ငါးနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှုရှိပြီး ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)