မြောင်းမြ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူး၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါထိန်းချုပ်ရေးသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီ အချိန်က မြရွှေဝါခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြောင်းမြပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းကျော်သူအောင်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတင်ပြပြီး မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်လှရီက ကလိုရင်းဆေးခပ်ခြင်းအကြောင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ရှင်းလင်းပြောကြားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကျန်းမာရေး ဝန်ထမ်းများစုစုပေါင်း ( ၂၁၉) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ရူပါ (မြောင်းမြ)