တောင်ငူ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပသို့သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုပရဟိတအသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း အခုရေ (၁၀၀၀) အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများ၊ ဗိုလ်မှူး ဖိုးကွန်လမ်း၊ ကန်လမ်းနေရာများတွင် နေအိမ်ပြင်ပထွက်ခွာကြသူများနှင့် စျေးရောင်း စျေးဝယ် ပြုလုပ်ကြသည့် ပြည်သူများကို အဆိုပါ စုပေါင်းအဖွဲ့ (၄) ဖွဲ့က နှာခေါင်းစည်းမျ စနစ်တကျ တပ်ဆင်သွားမှုရှိစေရေး အသိပေးနှိုးဆော်ချက်များ နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇော်ထက်(တောင်ငူ)