ကျုံပျော်မြို့နယ်တွင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပိုက်ဆံလျှော် စုပေါင်းကြဲပက်ခြင်း ပြုလုပ်

ကျုံပျော်  အောက်တိုဘာ  ၈

လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေများအတွင်း ပိုက်ဆံလျှော်များ ထည့်သွင်းကြဲပက်လျက်ရှိရာ မျိုးစေ့များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျုံပျော်-ရေကြည် ကားလမ်းမဘေးဝဲယာ၌ မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်းကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဆန်းဝင်းနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ ရှေးဦးစွာ တာဝန်ရှိသူများက တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များ အသီးသီးပေးအပ်ကြသည်။ ယင်းနောက် ကျုံပျော်-ရေကြည် ကားလမ်းမဘေး ဝဲယာရှိ သတ်မှတ်နေရာများတွင်  ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ပေးခဲ့ကြသည်။

တောင်သူများအနေဖြင့် သီးနှံ အထွက်တိုးရန် ဓါတ်မြေသြဇာများ နှစ်စဉ် လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏  ဂုဏ်သတ္တိများ ထိခိုက်ခြင်း၊ ဓါတုဓာတ်ကြွင်းကြောင့် လူနှင့်သတ္တဝါတို့၏ အသက်အန္တရာယ် ဆုံးရှုံးခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာပြုလုပ်ခြင်းဖြင့် အဆိုပါ အန္တရာယ်များကို ကျော်လွှားနိုင်ပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ကာ သီးနှံအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိကြောင်း၊ ကျုံပျော်မြို့နယ်တွင်  ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရန်၊ ကြဲခင်းစနစ်ပပျောက်ရန်နှင့်  မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေတော်မိုးတော် ဧကတိုင်း ပိုက်ဆံလျှော် ထည့်သွင်းရေးကို တောင်သူများအား ပညာပေးဆွေးနွေးခဲ့ပြီး၊ ပိုက်ဆံလျှော်များထည့်သွင်းခဲ့သောကြောင့် အကျိုးဖြစ်ထွန်းမှုများ များစွာတွေ့မြင်ရကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)