ပန်းတနော်မြို့၌ မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပ

ပန်းတနော် အောက်တိုဘာ ၇

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်ခရိုင်၊ ပန်းတနော်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (၃) ချီပွဲတွင် ချစ်ကိုကို(ပဲခူးကလပ်) Vs တိုက်မောင်း (အဖြူရောင်သွေးသစ်)၊ ဆွကိမ်း(Holy Power) Vs အယ်လောလှ(ရိုးရာကျား)၊ ဖာဒါဝိတ်(ရိုးရာကျား) Vs သန်းနိုင်ဦး (Bago Fight)၊ မိုးထက် (Holy Power) Vs ကျော်နိုင်ထွန်း (အဖြူရောင်သွေးသစ်)၊ (၃)ချီပွဲအထူးပွဲတွင် အောင်ဟိန်းစွမ်း(ဝမ်ချုံကလပ်) Vs ဘစိုးဝဏ္ဏ(ဇာထက်မိတ္ထီလာ)၊ (၄)ချီပွဲတွင် လပြည့်လင်း (Eagle) Vs ဝူသောဒို (ရိုးရာကျား)၊ ဆြာလောလှ (ရိုးရာကျား)နှင့် စောထဲနီစေး (Bago Fight)၊ ဟိန်းထွဋ်ကျော်(ဥဿာမင်း)လားကပေါ(ရိုးရာကျား)၊ စောကဲဒို(Holy Power)နှင့် ရှမ်းတောက် (ဇာထက် မိတ္ထီလာ)တို့နှင့် မျိုးဆက်သစ် ဝိတ်တန်းတူ(ကြားပွဲ)များ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ ဧရာဝတီတိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်ကြီးကျော်သန်း၊ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦး၊ တိုင်းရိုးရာလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးသစ္စာ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းချစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် လက်ဝှေ့ဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူအောင်(ပြန်/ ဆက်)