ကြို့ပင်ကောက် နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန် အတွက် နေအိမ်ပြင်ပသို့ သွားလာကြသော ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးသည့် အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့နှင့် မြို့နယ်ခန်းမရှေ့တွင် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး Campaign ပြုလုပ်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နှာခေါင်းစည်းတပ်ဆင် သွားလာခြင်းမရှိသူများအား အသိပညာပေးကာ နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
ကြို့ပင်ကောက်မြို့တွင် ယနေ့ဆောင်ရွက်သော နှာခေါင်းစည်း တပ်ဆင်သွားလာရေး Campaign တွင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ နှာခေါင်းစည်း အခုရေ (၁၅၀၀) ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)