မင်းဘူး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုးရာသီ မိုးစပါးသီးနှံ ပန်းတိုင်/ မျိုးပြောင်းလဲ/ မျိုးသန့်ပွား၊ ဝါသီးနှံ တိုးချဲ့စိုက်/မျိုးသန့်ပွားနှင့် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထားရှိသည့် စံပြအကျိုးဆောင် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုအဖြစ် ယူရီးယားဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ မကွေးတိုင်းဒေသကြီးအတွက် ထုတ်ယူခွင့်ရရှိသော ယူရီးယားဓာတ်မြေဩဇာခွဲတမ်းများအနက်မှ မင်းဘူး(စကု)မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားမြေဩဇာ ၁၇၉ ဒသမ ၃၅ တန် 50 Kg အိတ်ပေါင်း ၃၅၈၇ အိတ်ကို ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများဖြစ်သည့် မိုးစပါး၊ ဝါအထူးဇုန်၊ မိုးဆီထွက်အထူးဇုန် စိုက်ပျိုးဧရိယာများနှင့် စပါးသီးနှံအခြေခံ၍ ပန်းတိုင်၊ စပါးမျိုးစေ့ထုတ်၊ စပါးမျိုးသစ်မျိုးပြောင်းလဲဧရိယာများနှင့် ဝါသီးနှံမျိုးစေ့ထုတ်ဧကများကို စိုက်ပျိုးသည့် စံပြအကျိုးဆောင် ဒေသခံတောင်သူကြီးများအား ဖြန့်ဖြူးရောင်းချပေးနိုင်ရန် ညွှန်ကြားချက်နှင့်အညီ ဒေသအတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း သက်သာဈေးနှုန်းဖြင့် ယူရီးယားတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် တောင်သူများလက်ဝယ်သို့အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အဆင့် ဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောကြားခဲ့သည်။
အဆိုပါ ယူရီးယာဓာတ်မြေဩဇာများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကုန်အထိ တောင်သူပေါင်း ၂၁၂၂ ဦးတို့၏ မိုးစပါး ၃၆၈၂ ဧက၊ ဝါသီးနှံ ၂၉၅ ဧကနှင့် ဆီထွက်အထူးဇုန် (မြေပဲ၊ နှမ်း) ဧက ၆၇၀၀ စုစုပေါင်း ၁၀၆၇၇ ဧကတို့အတွက် ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ကြောင်း၊ သီးနှံစိုက်တောင်သူအားလုံးအတွက် ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းမရှိသော်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး စံပြအကျိုးဆောင် ဒေသခံတောင်သူကြီးများအား လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီထည့်သွင်းနိုင်ရေးကို သက်သာသောဈေးနှုန်းဖြင့် စပါးစိုက် (၂)ဧကလျှင် တစ်အိတ်နှုန်း၊ ဝါသီးနှံ မျိုးစေ့ထုတ် (၁)ဧကလျှင် တစ်အိတ်ခွဲနှုန်းနှင့် ဆီထွက်သီးနှံ (၁၀)ဧကလျှင် တစ်အိတ်နှုန်းသတ်မှတ်၍ ရောင်းချပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရှိရသည်။
မောင်မောင်(မင်းဘူး)