နတ်မောက်မြို့နယ်၌ အသက် (၁၀၀) နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၁) ဦးအား အလှူငွေများ ထောက်ပံ့လှူုဒါန်း

နတ်မောက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက် (၁၀၀) နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၁) ဦးအား အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများအရောက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ အလှူငွေများထောက်ပံ့ပေးအပ်ရာတွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ အဘွားဒေါ်ခင်မြသက် (၁၀၂) နှစ်၊ ရန်အောင်မြင်ရပ်ကွက်ရှိ အဘိုးအသက် (၁၂၀)နှစ် သက်ကြီးအဘိုး/အဘွားတို့အား တစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀) နှုန်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက် (၁၀၀) နှစ်အထက် အဘိုး/ အဘွား (၂၁) ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) နှင့် ဌာနဆိုင်ရာများမှ လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှုန်း စုစုပေါင်းတစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀) နှုန်းဖြင့် သက်ကြီးအဘိုး (၄) ဦး၊ အဘွား (၁၇) စုစုပေါင်း (၂၁) ဦးတို့အား လှူဒါန်းထောက်ပံ့ငွေကျပ် (၁၂၆၀၀၀၀) လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လှဝင်း