ပေါက်ခေါင်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဧက ၂၇၀၀၀ ကျော်လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး၊ နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့်ဝါများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှမ်း ၄၄၅၄ ဧက၊မြေပဲ ၅၇၁၉ ဧက၊ နေကြာ ၃၅၀ ဧကနှင့်ပဲတီစိမ်း ၁၀၉၆၇ ဧက၊ပဲနောက် ၆၁၄၃ ဧက စုစုပေါင်း ၂၇၆၃၃ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ် ကြောင်းသိရသည်။ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်နိုင်ရေး၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများဖြန့်ဝေ အသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ၊ပဲမျိုးစုံအပြင် စားဖိုဆောင်သီးနှံများ၊ ချည်မျှင်ရှည်ဝါနှင့်ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထားရန် ရည်မှန်းထားလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)