ကျွန်းလှ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီစိုက်ပျိုးသော ပဲတီစိမ်း ၅၄၁၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် မိုးရာသီမှာ ပဲမျိုးစုံအဖြစ် ပဲတီစိမ်းနဲ့ ပဲစင်းငုံသီးနှံများ စိုက်ပျိုးကြပါတယ်။ ပဲတီစိမ်းစိုက်ပျိုးရန် ၅၄၁၂ လျာထားသော်လည်း ၅၄၁၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ စိုက်ဧကအားလုံး ရိတ်သိမ်းပြီး တစ်ဧက ၁၇ ဒသမ ၃၄ တင်းထွက်ရှိပါတယ်။ တောင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး သီးထပ်စိုက်ပျိုးကြဖို့ ဆွေးနွေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားခဲ့သည်။
အဆိုပါ ပဲတီစိမ်းစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဘက်စုံပိုးမွှားကာကွယ်ရေး၊ သီးနှံများ အမိုးအကာအောက်ရောက်ရှိရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၁၆၉၅၃ ဧကလျာထားပြီး ပဲတီစိမ်း ၅၄၁၅ ဧကနှင့် ပဲစင်းငုံ ၁၁၅၃၅ ဧက စုစုပေါင်း ၁၆၉၅၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို