မင်းဘူး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စကုမြို့ အမှတ်(၁)ရပ်ကွက်၊ ဈေးရပ်ရှိ စကုမြို့နယ်လုံးဆိုင်ရာ နေ့စဉ်အရုဏ်ဆွမ်းလောင်းလှူရေးအသင်း ဂေါ်ဆွမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း၌ ကွယ်လွန်သွားရှာပြီဖြစ်သော ဆရာကြီး၊ ဆရာမကြီးများအား ရည်စူး၍ ပင့်သံဃာ ဆရာတော်အရှင်သူမြတ်များနှင့် ဆရာကြီး၊ ဆရာလေး အပါး ၁၈၀ ကျော်အား တတိယအကြိမ်မြောက် နေ့ဆွမ်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ဆက်လက်ပြီး အာစရိယပူဇော်ပွဲအခမ်းအနားတွင် စကုမြို့ အ.မ.က(ကျောင်းရွာ)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်းသား”သီချင်းဖြင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုသီဆိုဖျော်ဖြေခြင်း၊ စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးထက်အောင်ဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူး ဦးထွန်းထွန်းဦးက (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲကျင်းပနိုင်ရေး အနယ်အရပ်ရပ်မှ တပည့် သား၊ သမီးများ၊ စကုမြို့ပေါ်ရပ်ကွက်နှင့် နီးစပ်ရာ ကျေးရွာပေါင်း (၃၇)ရွာမှ အလှူခံရရှိမှု ရငွေ၊ သုံးငွေ စာရင်းရှင်းတမ်းအား ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၀၈) ဦးအား တပည့်ဟောင်း ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ပူဇော်ကန်တော့ချိုးဖြင့် ရွတ်ဆိုပူဇော်ကန်တော့၍ အလှူငွေများနှင့် လက်ဆောင်ပစ္စည်းများဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခြင်း၊ ဆရာကြီးတစ်ဦးမှ ဆုံးမဩဝါဒဆုတောင်းစကား ပြန်လည်ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးတို့က အာစရိယပူဇော်ပွဲကျင်းပနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ကြောင်းစကားများ ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် စကုမြို့ ကျောင်းသား၊ ကျောင်းသူဟောင်းများက ဦးဆောင်ကျင်းပသည့် (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲတွင် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၀၈)ဦးအား ပူဇော်ကန်တော့ငွေအဖြစ် အသက် (၈၀) နှင့်အထက် ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် ငွေ ၁၁၀၀၀၀ ကျပ်နှုန်း၊ အသက် (၇၀) နှင့်အထက် တစ်ဦးလျှင် ငွေ ၈၀၀၀၀ ကျပ်နှုန်း၊ အသက် (၇၀) နှင့်အထက် တစ်ဦးလျှင် ငွေ ၆၀၀၀၀ ကျပ်နှုန်းအပြင် (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအထိမ်းအမှတ် လွယ်အိတ်များဖြင့် ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မောင်မောင်(မင်းဘူး)