မင်းဘူးမြို့၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးအစည်းအဝေး ကျင်းပ

မင်းဘူး အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မင်းဘူး(စကု)မြို့နယ်အတွင်းမှ မန်းရွှေစက်တော်၊ စက္ကိန်းတဲ၊ ထေရ်ကြီးဘုရားများ၊ နဂါးပွက်တောင်၊ ရုပ်စုံကျောင်းနှင့် ပိဋကတ်တိုက်ကျောင်းများ၊ ပွင့်ဖြူမြို့မှ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား၊ ဆံရစ်ဝိုင်းလေးများရှိရာ ရေပုတ်ကြီးရွာနှင့် လယ်ကိုင်းရုပ်စုံကျောင်း၊ စလင်းမြို့မှ ဝက်သည်းကန်၊ ဗိုလ်ဥတ္တမခံတပ်နှင့် စလင်းရုပ်စုံကျောင်းများစသော ဒေသတွင်းမှ တန်ခိုးကြီးဘုးရားများနှင့် အထင်ကရနေရာများကို အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ အလွယ်တကူ သွားရောက်လေ့လာလည်ပတ်နိုင်စေရန် လမ်းညွှန်အမှတ်အသားများပြ မြေပုံအညွှန်းများ၊ ဗီနိုင်းပိုစတာများစိုက်ထူ၍ ပြသထားရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးအစည်းအဝေးသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ မင်းဘူး (စကု) မြို့နယ် မယ်ဘေ့ကုန်းကျေးရွာမှ သမိုင်းသုတေသီ၊ စာရေးဆရာကြီး ဦးကျော်စိန်ဝင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)