ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ

ဆင်ပေါင်ဝဲ အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ (၅) ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နည်းပညာများရရှိစေရန်နှင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးတင်ထွန်းက ဓာတ်မြေဩဇာသုံးစွဲမှုကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးက စားသုံးသူများကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးထက်မြတ်စိုးက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးတင့်လွင်က လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျေးရွာမှ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)