ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သက်တော်ရှည်ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများလိုက်ပါ၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်တွင် လမ်းအရှည် ၈၃၃ ပေအား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၈ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အလယ်ပိုင်းရပ်ကွက်တွင် လမ်းအရှည် ၇၉၅ ပေအား တစ်ဖက်လျှင် လမ်းအကျယ် ၃ ပေစီ၊ လမ်းအမြင့်ထု ၈ လက်မ ကွန်ကရစ်လမ်း လမ်းပခုံးချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲသည်။

အဆိုပါ ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဌာနငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၃ ဒသမ ၂၀)သန်း အသုံးပြု၍ ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ အင်ကြင်းလမ်း အရှည်ပေ ၈၃၃ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၈ လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂)ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၅၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အလားတူ ခွင့်ပြုရန်ပုံငွေကျပ် (၁၇ ဒသမ ၅)သန်းဖြင့် ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ဒေလီယာလမ်း အရှည်ပေ ၇၉၅ ပေအား တစ်ဖက်လျှင် လမ်းအကျယ် (၃)ပေစီ၊ လမ်းအမြင့်ထု ၈ လက်မ ကွန်ကရစ်လမ်း၊ လမ်းပခုံးချဲ့ခင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို အောက်တိုဘာ (၄)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၃၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသ သန့်ရှင်းသာယာလှပရေးနှင့် လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅)ဖြင့် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် လမ်း/တံတားလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းပြုလုပ်ခြင်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)