အထက်မင်းလှ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ(၁)နာရီက ထန်းကိုင်းကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်းရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ လာရောက်အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း၊ မိမိတို့၏ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်တိုင်ရာရောက်လူဦးရေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်(၂၄)ပြည်ပါ(၁၅)အိတ်နှင့် စားအုန်းဆီ(၂၃၀)ပိဿာအား မြို့နယ်ဆန်၊ ဆီလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)