ပေါင်းတည်မြို့၌ သဘာဝမြေသြဇာပေါင်းစပ်အကျိုးပြုမှု တောင်သူသုတေသန စံပြစပါးစိုက်ကွက်အား ကွင်းဆင်းကြည့်ရှုအားပေး

ပေါင်းတည် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် ရွာလှကျေးရွာ၊ သဘာဝမြေသြဇာပေါင်းစပ်အကျိုးပြုမှုကို လေ့လာမည့် တောင်သူသုတေသန စံပြစပါးစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်းတည်မြို့နယ်၊ ရွာလှကျေးရွာအုပ်စု၊ ရွာလှကျေးရွာ၊ အကွက်အမှတ် ၁၁၃၇ ဘီရှိ တောင်သူဦးမြင့်၏ ဗီယက်နမ်စပါးစိုက်ပျိုးခင်း ၃ ဧက၌ သုတေသနပြု စိုက်ပျိုးထားခြင်းဖြစ်ပြီး သဘာဝ​မြေသြဇာ၊ ဓာတ်မြေသြဇာ ထည့်သွင်းထားရှိမှုအချိုးမတူညီသော ပြုမူချက် ၃ မျိုးဖြင့် ခွဲခြားစိုက်ပျိုးကာ ဖြစ်ထွန်းမှုအကျိုးရလဒ်အသီးသီးကို နှိုင်းယှဉ်လေ့လာကြည့်ရှုခဲ့ကြ​သည်။

အဆိုပါ စပါးပင်များသည် ယခုအခါ သက်တမ်း ရက် ၉၀ ကျော်ရှိနေပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကာ အောက်တိုဘာလကုန်ရက်များအတွင်း ရိတ်သိမ်းကြရမည်ဖြစ်ကြောင်း တောင်သူများထံမှသိရပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးမင်းက တောင်သူများအနေဖြင့် စပါးအလေအလွင့်နည်းပါးရေးအတွက် ဂရုစိုက်ကြပ်မတ် ရိတ်သိမ်းကြရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)