သာယာဝတီ အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် သတ်မှတ်ထားသောမိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခမ်းအနားတွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ ကြို့ပင်ကောက်၊ အုတ်ဖို မြို့နယ်(၆) မြို့နယ်မှ တောင်သူများကို သတ်မှတ်မိုးရေချိန်ထက် ကျော်လွန်ခြင်းအတွက် သီးနှံအာမခံလျော်ကြေးငွေ ကျပ်(၄.၀၂၀) ဘီလီယံကို ပေးအပ်သွားမှာဖြစ်ကြောင်း၊ သီးနှံအာမခံထားရှိသော ရေကြီးနစ်မြုပ်၍ ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများအတွက် သက်ဆိုင်ရာ စိုက်/ကြပ်အဖွဲ့များနှင့်ပူးပေါင်း၍ လျော်ကြေးပေးချေနိုင်ရန်အတွက်လည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးသီးနှံများတွင် ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးအတွက် သီးနှံအာမခံလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သတ်မှတ်မိုးရေချိန်ထက်ကျော်လွန်ခြင်းအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင်လည်း သီးနှံအာမခံလျော်ကြေးငွေကျပ်(၅.၇၄၅)ဘီလီယံနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆက်လက်ပြီး လျော်ကြေးငွေများပေးလျော်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် သီးနှံအာမခံလုပ်ငန်းကို တောင်သူများအကျိုးရှေးရှု၍ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူကတောင်သူများ သီးနှံအာမခံအကာအကွယ်ရရှိစေရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ မြို့နယ်(၆)မြို့နယ်မှ တောင်သူကိုယ်စားလှယ်များကို သီးနှံအာမခံလျော်ကြေးငွေများ ပေးအပ်ခဲ့ပြီး တောင်သူကိုယ်စားလှယ်(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
လျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)