ကြံခင်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ကောက်ယူလျက်ရှိ

ကြံခင်း အောက်တိုဘာ ၆

အောက်တိုဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ဆဋ္ဌမနေ့ ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက သက်ဆိုင်ရာ ကောက်ကွက်များရှိ မိသားစုဝင်များ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းအား Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုကို ခရိုင်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ စာရင်းကောက်ယူရာတွင် အစဉ်ပြေချောမွေ့စေရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက် (၅)ခု၊ ကျေးရွာအုပ်စု (၃၀)အုပ်စုရှိ ကျေးရွာပေါင်း (၂၅၁)ရွာ၌ ကောက်ကွက်ပေါင်း (၂၇၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၀)ဦးဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်းစာရင်းကော်မတီအဖွဲ့ထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)