ကြံခင်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ ၉ နာရီမှစ၍ ဆက်လက်ကုသပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ နေဝင်း ဆန်း ဦးဆောင်၍ ဆရာဝန်နှင့်သူနာပြု ၇ ဦး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင် ဦးဆောင်ပြီး အထူးကုလက်ထောက် ဆရာဝန်၊ သွားဆရာဝန်နှင့် သူနာပြုဆရာ၊ ဆရာမ ၇ ဦးတို့က ဘက်ရဲမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ လာရောက်ပြသသည့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ ဘက်ရဲတိုက်နယ်ဆေးရုံမှ ဝန်ထမ်းများက အမည်ရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘက်ရဲမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က သတ်မှတ်နေရာများသို့ လိုက်လံပို့ ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်နေမှုကို လှည့်လည်ကြည်ရှုကာ အချိုရည်များ လှူဒါန်းပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူရန် လာရောက်ပြသကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကြသည်။ ရေဘေးသင့်ပြည်သူများအား ကုသပေးခဲ့ရာ အထွေထွေရောဂါ ၁၅၉ ဦး၊ အရိုးအကြောရောဂါလူနာ ၁၀၅ ဦး၊ သွားရောဂါ ၁၃ ဦး စုစုပေါင်း ၂၂၇ ဦးအားလည်းကောင်း၊ သွေးချိုစစ်ဆေးသူ ၂၂၈ ဦး၊ ဓာတ်မှန်ရိုက်သူ ၄၅ ဦး၊ နှလုံးစမ်းသပ်စက်ဖြင့် စစ်ဆေးသူ ၈၃ ဦးနှင့် ဓာတ်ခွဲ့စမ်းသပ်သူ ၂၁ ဦး အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)