ဘားအံ အောက်တိုဘာ ၆
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘားအံမြို့ရှိ ကျောင်းအုပ်ဆရာကြီးများက ဆရာ့ဂုဏ်ရည် သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓ္ဓမ မင်းအောင်လှိုင်မှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖတ်ကြားကာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က ဖတ်ကြားသည်။
ထို့နောက် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ဆရာ့ဂုဏ်ရည်စာတမ်းကို ဖတ်ကြားဂုဏ်ပြုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဂါရဝလက်ဆောင်များပေးအပ်ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အငြိမ်းစားဆရာကြီး ဦးအောင်မြင့် ရေးသားဖွဲ့ဆိုထားသော ပြုံးနေပေးပါဆရာ တေးသီချင်းကို မူလွန်(၉)ဘားအံကျောင်းမှ အလယ်တန်းပြဆရာမဒေါ်ပြည့်ပြည့်ဖြိုးက ဂုဏ်ပြုသီဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဆုရစာစီစာကုံး၊ ကဗျာလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)