ကြံခင်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က (အ.ထ.က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်အတွင်းရှိ ပညာရေးမိသားစုများစုပေါင်းကာ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကိုသိရှိပြီး ဂါရဝပြုခြင်းသည် မင်္ဂလာပင်ဖြစ်ပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (ထက်ဆင့်နှင့်လယ်ဆင့်) စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ကြပြီးနောက်၊ မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး(၆၄)ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ်(၁၀၀၀၀ဝိ/)ဖြင့် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ၊ဆရာမများကပေးအပ်ကာ ကန်တော့ချိုးဖြင့် ကန်တော့ခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်ပြီး ကန်တော့ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီး ဦးအောင်စိုးနှင့် အငြိမ်းစားဆရာမကြီးဒေါ်စန်းစန်းဌေးတို့က ဩဝါဒစကား ချီးမြှင့်ပေးကြပြီးနောက်၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)