ရေတာရှည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အောင်ချမ်းသာ RHC ဧရိယာ ပီတူး Sub Center အတွင်းရှိ အောင်းကုန်းကျေးရွာ အောင်သပြေဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုသမားတော်ဦးဆောင်သော အထူးကုအဖွဲ့သည် ရေဘေးသင့်ပြည်သူများရှိရာသို့ ကွင်းဆင်းပြီး အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးပေးခြင်းနှင့် ကုသမှုများ ဆောင်ရွက်ခဲ့ရာတွင် အထွေထွေရောဂါလူနာ (၉၇)ဦးအပါအဝင် စုစုပေါင်းလူနာ (၁၁၀)ဦးတို့အား စောင့်ရှောက်ကုသမှုများပေးသည့်နေရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တောင်ငူအထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့်အဖွဲ့တို့ နယ်လှည့်ကွင်းဆင်း ရောက်ရှိခဲ့သည်။
ထို့နောက်လူနာများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ ကုသမှုဆောင်ရွက်ပေးနေသော ဆရာဝန်များ၊ ဆရာ/ဆရာမများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)