တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှု

ကော့သောင်း အောက်တိုဘာ ၆

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့အတွင်း ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ကောက်ကွက်အလိုက် သန်းခေါင်စာရင်းကောက်ယူနေသည့် နေအိမ်များသို့ အိမ်တိုင်ရာ‌‌ရောက်သွားရောက်ခဲ့ပြီး  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/စာရင်းကောက်များမှ သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈)ခု၊ အိမ်ထောင်စု မေးခွန်းနှင့်မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များ အသုံးပြု၍ ဒေသခံပြည်သူများအား သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှု၍ ပြည်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

အဆိုပါလူဦး‌‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများကောက်ယူခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန် စွာရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များ နှင့်အိမ်အကြောင်းအရာအချက်အလက် များမေးမြန်းကောက်ယူခြင်းတို့ကို  CAPI  နည်းပညာဖြင့် Tablet  အသုံးပြုပြီး စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့နယ်အတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉)စုရှိ ကောက်ကွက်ပေါင်း (၂၁၃) ကွက်တွင် သက်ဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက် (၈၃) ဦးပါ အဖွဲ့များက အောက်တိုဘာလ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)