ကန့်ဘလူမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၆

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကန့်ဘလူခရိုင်ပညာရေးမှူး ဦးသန်းထိုက်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကန်တော့ခံ ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး ဆရာမများက ကန်တော့ပစ္စည်းများ ဂါရဝပြုပေးအပ်ကြသည်။ ထို့နောက် ကန်တော့ခံဆရာကြီး ဦးညွန့်ရွှေ၊ ဆရာမကြီး ဒေါ်သန်းညွန့်တိုက ဆုပေးစကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်က အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် နှစ်စဥ်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား နံနက်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ကန့်ဘလူမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့နယ်အတွင်း သက်ရှိထင်ရှား အခြေချနေထိုင်လျက်ရှိသော အသက် (၇၀) နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲ၌ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၁၃၇ ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)