ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

ငဖဲ  အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားလာစေရန်နှင့် ဆရာတို့၏ဂုဏ်ကျေးဇူးကို အောက်‌မေ့သတိရစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)နှစ်အထက်အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတို့အား ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် မြို့နယ်ပညာရေးဝန်ထမ်းများစုပေါင်း၍  မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲသို့ကြွရောက်လာကြသော ဆရာကြီး၊ဆရာမကြီးများအား မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ငဖဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးဝန်ထမ်းများကိုယ်စား ဆရာဦးဝင်းအောင်က ကန်တော့ချိုးတိုင်ကာ ဆရာကြီး၊ ဆရာမကြီးများအား ရိုသေစွာဂါရဝပြုကန်တော့၍ ဆရာကြီး၊ ဆရာမကြီးတို့အား တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီဖြင့် လှူဒါန်းကန်တော့ခဲ့ကြပြီး ကန်တော့ခံ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးဦးသိန်းဆောင်က မုဒိတာဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။

အဆိုပါကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် အသက်(၆၀)နှစ်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ ဆရာ၊ဆရာမများနှင့် ပညာရေး ဝန်ထမ်းမိသားစုများက  ဆရာကြီး၊ဆရာမကြီး ၆၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် သုံးဆယ့်နှစ်သိန်းကို စုံညီစွာတက်ရောက်၍ ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)