ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အပူဇော်ခံတက်ရောက်ချီးမြှင့်ပေးသည့် ဆရာကြီး/ ဆရာမကြီးများကို ဂါဝရပြုစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ခံမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များက အပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့ကြရာ အပူဇော်ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးဦးစိုးမြင့် (ပညာရေးငြိမ်း) က မြတ်ဆရာပူဇော်ပွဲ ကျင်းပပေးမှုအပေါ် ဂုဏ်ပြုဩဝါဒစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းခိုင်နှင့် ပညာရေးဝန်ထမ်းများ၊ မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်တီဝင်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အပူဇော်ခံကြွရောက်သည့် အသက်(၇၅)နှစ်အထက် ဆရာကြီး/ ဆရာမကြီး (၆၇)ဦးကို စာရေးတံမဲများဖြင့် ပူဇော်ကန်တော့၍ "မြတ်ဆရာ" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နှစ်စဉ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ကျေးဇူးရှင် အာစရိယ ဆရာကြီး/ ဆရာမကြီးများကို တန်ဖိုးထားလေးစားသောအားဖြင့် ပညာရေးဌာနနှင့် မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီတို့ ပူးပေါင်းပြီး အစဉ်အလာမပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင်လည်း အသက်(၇၅)နှစ် အထက်ဆရာကြီး/ ဆရာမကြီးများကို ဖိတ်ကြား၍ မြတ်ဆရာပူဇော်ပွဲကို စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဇော်ဝင်းခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)