မင်းဘူး အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့သည် မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ရှေးဟောင်းရုပ်စုံကျောင်းအပါအဝင် တန်ခိုးကြီးစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံအများအပြား တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုစေတီပုထိုးများအနက် လူအများစိတ်ဝင်စားဖွယ်ရာ နံရံဆေးရေးမင်စာများ၊ နံရံပန်းချီများရှိသည့် စကုမြို၊ ကျွဲတဲကျေးရွာ၊ ရွှေတောင်ဦးဘုရားသည်လည်း တန်ဖိုးကြီးမားသည့် သမိုင်းအမွေအနှစ် စေတီတစ်ဆူဖြစ်သည်။
ရွှေတောင်ဦးဘုရားနှင့် လိုဏ်ဂူအတွင်းမှ သမိုင်းအမွေအနှစ် မင်စာများမှာ မြန်မာသက္ကရာဇ် ၁၁၇၇ ခုက တည်ခဲ့သည်ဟု သိရသည်။ ကျွဲတဲရွာအဝင်တွင်တည်ရှိသော ရွှေတောင်ဦးဘုရား လိုဏ်ဂူဝင်ပေါက် ညာ ဘက်ခြမ်းတွင် နံရံပန်းချီများနှင့်အတူ နံရံဆေးရေးမင်စာ ဝတ္ထုတိုတစ်ပုဒ်မှာလည်း လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က မူလလက်ရေး အတိုင်းတွေ့ရပြီး၊ ထိုစာများကို မြန်မာစာလေ့လာသူများ၊ စာပေဝါသနာရှင် သမိုင်းသုတေသီပညာရှင်များ လာရောက်လေ့လာ ဖတ်ရှုလျက်ရှိကြောင်း သိရသည်။
“မင်စာပါအကြောင်းအရာကတော့ ခန္ဓာပူရဝတ္ထုတိုဖြစ်ပြီး အင်းဝခေတ်က စတင်ရေးဆွဲထားဟန်ရှိပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတဲ့ ပိဋကတ်တော်လာ ဇာတ်ဝတ္ထုမဟုတ်ဘဲ ရုပ်တရား နာမ်တရားတို့၏ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ သဘောတို့ကို ထင်မြင်လွယ်အောင် ဝတ္ထုသဘောဆောင်ရေးသား၍ အစပထမမှာတော့ တိုတိုရှင်းရှင်း လိုရင်းကိုဘဲ ရေးသားကြတယ်လို့ မှတ်သားရပါတယ်”ဟု စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးက ပြောပြသည်။
ရွှေတောင်ဦး ဘုရားလိုဏ်ဂူအတွင်း အဆိုပါမင်စာများနှင့်အတူ တွေ့ရသည့် လက်ရာမြောက် နံရံဆေးရေး ပန်းချီများကလည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အားလျော်စွာ ဝတ္ထုတိုပါ အကြောင်းအရာဖြစ်သည့် ဓမ္မ-အဓမ္မ အကြောင်းအရာများဟာလည်း လေ့လာသုံးသပ်ဖွယ်ရာ ကောင်းနေပြန်သည်။
ထိုအကြောင်းအရာများ စိတ်ဝင်စားဖွယ်ကောင်းလှသည်ထက် လေ့လာဖော်ထုတ်မှု မပြုနိုင်သေးသည့် ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များ မည်မျှကျန်ရှိနေပြီး တွေ့ရှိထားသမျှ သမိုင်းအမွေအနှစ်များ မည်မျှပျက်စီးယိုယွင်းလျက် ရှိသည်ကလည်း စိတ်ဝင်စားဖွယ် ကောင်းနေပါတော့သည်။
ဇေယျာထက်(မင်းဘူး)