တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ထားဝယ် အောက်တိုဘာ ၆

တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများနှင့် တရားစွဲအဖွဲ့အစည်းများမှ တိုင်းအဆင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် ပူးတွဲပါရှိရမည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၄ ပါ ပုံစံ ၁၊ ၂ တို့အား ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများ လျော့နည်း၊ ပျောက်ဆုံး၊ ပျက်စီးမှုမရှိစေရေး တရားစွဲအဖွဲ့အစည်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများအား ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ သက်သေခံပစ္စည်း၊ ယာဉ်၊ စက်လှေများ၊ တန်ဖိုးလျော့နည်းဆုံးရှုံးပျက်စီးမှုမရှိစေရေး တရားရုံးများအနေဖြင့် သက်သေခံယာဉ်ပါဝင်သောအမှုများကို (၆) လအတွင်း ပြီးပြတ်စေရေးဆောင်ရွက်ရန် ဘဏ္ဍာသိမ်းသက်သေခံယာဉ်များကို တန်ဖိုးလျော့နည်းဆုံးရှုံးပျက်စီးမှုမရှိစေရေးအတွက် ဆောလျင်စွာ စီမံခန့်ခွဲရန်အတွက် တရားရုံးများနှင့် သက်ဆိုင်ရာသက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများတွင် တာဝန်ရှိကြောင်း၊ သို့ဖြစ်၍ သက်သေခံပစ္စည်းများ တန်ဖိုးလျော့နည်းဆုံးရှုံးပျက်စီးမှုမရှိစေရေးအတွက် ဆက်စပ်တရားစွဲအဖွဲ့အစည်းများ၊ သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများမှ တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဥပဒေချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက တရားသူကြီးချုပ်၏ ပြောကြားချက်အပေါ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကြရာ တရားသူကြီးချုပ်က ၎င်းတို့၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)