ထားဝယ် အောက်တိုဘာ ၅
"ဆရာအသံများကို အလေးထားခြင်း"စသည့်ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဖတ်ကြားခဲ့သည်။
ထို့နောက်ထားဝယ်မြို့နယ် ရမ္မဇူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှကျောင်းသား/သူများက "ဆရာ့အားမာန်သီချင်း" ဖြင့်သီဆိုဖျော်ဖြေပြီး အပူဇော်ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးက မေတ္တာစကားချီးမြှင့်ကာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း ၊ ကုဋေ" သီချင်းဖြင့် သီဆိုဖျော်ဖြေ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ Mandalay Media မှ ဆုရကျောင်းသား/သူ (၁၂) ဦးအား တစ်ဦးလျှင် ဆုငွေ (၁) သိန်းစီပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဆရာ/ မများနှင့် ကျောင်းသား/ သူများက “ မြတ်ဆရာ ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး တာဝန်ရှိသူများက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တင်ပြကာ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ကန့်တော့ပြီး ကန်တော့ပစ္စည်းများ ပေးအပ်ကာ ဆရာကြီး၊ ဆရာမကြီးများ က ဆုံးမသြဝါဒစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)