ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဝမ်းစာဖူလုံရေး မွေးမြူရေးဇုန်များ ကြည့်ရှုအားပေး

ဘားအံ အောက်တိုဘာ ၅

ပြည်နယ်အတွင်း သာယာဝပြောရေးနှင့်ဒေသဝမ်းစာဖူလုံရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိဇံ(ဝက်/ဆိတ်)မွေးမြူရေးဇုန်နှင့် ဘားအံ(စံဖရီး)မွေးမြူရေးဇုန်တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ မိဇံမွေးမြူရေးဇုန်နှင့် ဘားအံ(စံဖရီး)မွေးမြူ ရေးဇုန်ကော်မတီဝင်များ၊ မွေးမြူရေးတောင်သူများနှင့် သီးခြားစီတွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇုန်အတွင်းမွေးမြူထားရှိမှု၊ အသား၊ ဥနှင့် နို့ထုတ်လုပ်မှု၊ ဇုန်ပတ်လမ်း၊ ဇုန်တွင်းလမ်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကောင်းမွန်သောမွေးမြူရေးနည်းစနစ်၊ ကျင့်စဉ်များကို တိကျသေချာစွာလိုက်နာ၍ မျိုးကောင်းမျိုးသန့်၊ ပြည့်ဝ သောအစာအဟာရများကို ကျွေးမွေးကာ ဇွဲ၊ လုံ့လ၊ ဝီရိယများ စိုက်ထုတ်ကြိုးပမ်းခြင်းဖြင့် စွမ်းအားပြည့်မွေးမြူထုတ်လုပ်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် မွေးမြူရေးတောင်သူများက မွေးမြူထုတ်လုပ်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိဇံမွေးမြူရေးဇုန်အတွင်းရှိ တောင်သူဦးဇော်ထွေးအောင်၏ ဝက်(၄၂၀)ကောင် မွေးမြူရေးခြံ၊ ဦးနိုင်မင်းထိုက်၏ ဆိတ်(၁၅၀)ကောင်မွေးမြူရေးခြံနှင့် မွေးမြူရေးနှင့်စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အသုံးပြု၍မြေဩဇာထုတ်လုပ်သည့် မိသားစုသဘာဝဇီဝမြေဩဇာစက်ရုံ၊ ဘားအံ(စံဖရီး)မွေးမြူရေးဇုန်ရှိ ရွှေဆိတ်မင်းမွေးမြူရေးခြံ၏ သိုး၊ ဆိတ်(၃၀၀)ကောင်မွေးမြူထားရှိမှုနှင့် တောင်သူဒေါ်နန်းမြင့်မြင့်အေး၏ ဒေသနွား(၂၀)ကောင် မွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များမှာကြားခဲ့သည်။

ဘားအံမြို့နယ်၊ မိဇံမွေးမြူရေးဇုန်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဝက် ၁၈၈၈ ကောင်၊ ဆိတ် ၉၄၀ ကောင် မွေးမြူထားရှိကာ ၂၀၂၄ ခုနှစ် ဧပြီလမှ ယခုထိ ဝက်သား ၅၅၄၇၅ ပိဿာ၊ ဆိတ်သား ၁၉၃၁ ပိဿာကျော်ကို မွေးမြူထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘားအံ(စံဖရီး)မွေးမြူရေးဇုန်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နွား ၂၇၁ ကောင်၊ ဆိတ် ၁၉၆၉ ကောင်၊ ဥစားကြက် ၆၂၀၀ ကောင်၊ ဒေသကြက် ၂၅၇၀ ကောင်၊ သိုး ၁၁၀ ကောင်တို့ကို မွေးမြူထားရှိကာ ၂၀၂၄ ခုနှစ်အတွင်း အမဲသား ၂၇၀ ပိဿာ၊ ဆိတ်သား ၁၅၅၈ ပိဿာ၊ ကြက်သား ၁၁၄၂၇ ပိဿာ၊ သိုးသား ၇၃၂ ပိဿာ၊ ကြက်ဥ ၂၅၃၄၂၁၀ လုံး၊ နွားနို့ ၃၂၈၅ ပိဿာတို့ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)